စဉ့်ကိုင် မတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးကြေညာချက် ( ၁ /၂၀၂၂ )ကို မြို့နယ်အတွင်းရှိ အများပြည်သူများ သိရှိလိုက်နာနိုင်စေရန် အသိပေးကြေညာခြင်းကို မတ်လ (၁၄)ရက် နေ့ ညနေ (၆:၃၀) နာရီ မှ စတင်၍ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပူပြင်းခြောက်သွေ့သော နွေရာသီကို ရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်အတွင်း မီးမဆင်မခြင်သုံးစွဲမှုပေါ့ဆမှုတို့ကြောင့် မီးဘေးအန္တရာယ် ဆိုးကြီးများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးကြေညာခြင်းကို စဉ့်ကိုင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ၀န်ထမ်းများက မြို့တွင်းအဓိက လမ်းမကြီးဖြစ်သော ဗိုလ်တေဇလမ်းနှင့် မြို့ပေါ်(၅)ရပ်ကွက်အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သတိပေးကြေညာချက် (၁ / ၂၀၂၂ )တွင် အိမ်ထောင်စုတိုင်းတွင် မီးဘေးကြိုတင်တားဆီး ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် မီးသုံးစွဲမှု သတ်မှတ်ချိန်များ၊ နေအိမ်တိုင်းတွင် ခိုင်ခန့်သော မီးချိတ် ၊မီးကတ်သဲပုံး၊ ရေပုံးများနှင့် လှေကားထားရှိရေး၊ မီးလောင်လွယ်သော ဝါးကပ်ထရံတို့ဖြင့် အမိုးအကာ ခင်းထားသော နေအိမ်များတွင် မီးဖိုအား မြေကျင်းတူးအသုံးပြုရန်၊ မီးသုံးစွဲပြီးပါက မီး ကျွင်းကျန်များကို စနစ်တကျ အပြီးသတ်ငြိမ်းသတ်ခြင်းများဆောင်ရွက်ကြရန်၊ စသည်ဖြင့် အချက် (၁၈) ချက်အား လှည့်လည် အသိပေးကြေညာခဲ့ပြီး အဆိုပါ ကြေညာချက်များအား လိုက်နာခြင်း ရှိ /မရှိ ကို မြို့နယ်တာ၀န်ရှိသူများပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပါက မီးသတ်တပ်ဖွဲ့ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့အိမ်၊ ရပ်ကွက်နှင့်အနီး ၀န်ကျင်တွင်မီးလောင်မှု၊ မီးလန့်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားကြပါရန် အသိပေးကြေညာခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)