ရန်ကုန် သြဂုတ် ၃၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် Church ကျောင်းများ၊ ဗလီဝတ်ပြုကျောင်းများနှင့် ဟိန္ဒူဘုရားရှိခိုးကျောင်းများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ခွင့်ပြုနိုင်ရန် တင်ပြလာမှုများအပေါ် ယမန်နေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် Church၊ ဗလီနှင့် ဟိန္ဒူ ဘုရားကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာဆောင် ရွက်ရမည့် စံသတ်မှတ်ချက်များဖြစ်သည့် ဝတ်ပြုသူများကြားတွင် တစ်ဦးနှင့်တစ်ဦး ၆ ပေပတ်လည်ခွာ၍ နေရာ သတ်မှတ်ပေးခြင်း၊ ဝင်ပေါက်များတွင် ကိုယ်အပူချိန်တိုင်းတာရန် ဆောင်ရွက်ပေးခြင်း၊ လက်ဆေးဘေစင်နှင့် လက်သန့်ဆေးရည်များ ထားရှိပေးခြင်း၊ ဝတ်ပြုချိန်တိုင်းတွင် လူဦးရေ (၃၀) ဦးထက်မပိုစေခြင်း၊ Social Distancing ကို တိကျစွာလိုက်နာစေခြင်း၊ ဝတ်ပြုဘုရားရှိခိုးကျောင်းပြင်ပတွင် စောင့်ဆိုင်းနေသူများအား လူစု၊ လူဝေးမဖြစ်စေခြင်းစသည့် အချက်များအပေါ် လိုက်နာဆောင်ရွက်ထားခြင်း ရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်း စစ်ဆေးခြင်းများကို မြို့နယ်ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်လှိုင်နှင့် အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြပြီး စစ်ဆေးခဲ့ပြီးသော ဝတ်ပြုကျောင်းများအနေဖြင့် သတ်မှတ်ချက်စံများနှင့် ကိုက်ညီပါက ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး သတ်မှတ်ချက်များကို လိုက်နာမှုမရှိပါက ဖွင့်လှစ်ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)