မောက်မယ်မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေး ဆက်လက် ထိုးနှံပေး

မောက်မယ် မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း  ရောဂါဆက်လက်ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ်နိုင်ရန် မြို့ပေါ်(၇)ရပ်ကွက်အတွင်း အကြောင်းအမျိုးမျိုး ကြောင့် ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူများ ထိုးနှံရန်ကျန်ရှိနေသော ဒေသခံပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ယနေ့နံနက်၉နာရီက စျေးတန်းရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ ကာကွယ်ဆေးထိုးစုရပ်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများတို့က လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းနှင့် စာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covishield  အမျိုးအစား ကာကွယ်ဆေး အား ဆေးတစ်လုံးလျှင် လူ(၁၁)ယောက်နှုန်းဖြင့် ကာကွယ်ဆေးထိုးနှံခြင်းပေးလျက်ရှိရာ ကာကွယ်ဆေးလာရောက် ထိုးနှံရာ၌ အဆင်ပြေစွာလာရောက် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မောက်မယ်မြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန် တစ်မြို့နယ်လုံး ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝလွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် နေ့စဉ်ရပ်ကွက်နှင့် ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်းပြီး ဆက်လက် ထိုးနှံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)