တုံတာ မတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉နာရီ အချိန်ခန့်က အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ထိုသို့ ကျင်းပရာတွင် တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူး ဒေါ်လှိုင်လှိုင်ငြိမ်းက အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တုံတာမြို့နယ် မြေမီးသတ်စခန်းမှ တာဝန်ခံ ဦးမျိုးဆွေက နွေရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်များ ဂရုစိုက်ရမည် ဖြစ်ကြောင်း၊ မိမိတို့အိမ်၊ မိမိတို့ပတ်ဝန်းကျင်တွင် မီးလောင်လွယ်ကူသော ပစ္စည်းများရှိပါက စနစ်တကျ ဖယ်ရှားရှင်းလင်း ထားရမည်ဖြစ်ကြောင်း၊ မိမိတို့အိမ်တွင် ထမင်း/ဟင်းများ ချက်ပြုတ်ပြီးစီးပါက မီးများကို စနစ်တကျငြိမ်းသတ်ခဲ့ရန်လိုအပ်ကြောင်း၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့် မီးခြစ်၊ ဖယောင်း တိုင်အစရှိသော မီးလောင်လွယ်စေသည့် အရာများကို သတိပြုကိုင်တွယ်ကြရန်၊ မီးဘေးအန္တရာယ်သည် မိမိတို့မိသားစုများအတွက် သာမက ပတ်ဝန်းကျင်ရှိ နေအိမ်များအထိ ကူးစက်သွားပြီး ရွာလုံးကျွတ်၊ မြို့လုံးကျွတ်အထိ အန္တရာယ်ဖြစ်စေနိုင်သောကြောင့် အထူးဂရုပြု ကြိုတင်ကာကွယ်သွားကြရမည်ဖြစ်ကြောင်းနှင့် မီးဘေး ကြုံတွေ့လာပါက အရေးပေါ်အသုံးပြုရန် မီးသတ်ဆေးဘူး အသုံးပြုပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများ အနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်/စာစောင်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဆေးလိပ်ဆေးရွက် ကြီး၏ ဆိုးကျိုးအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
လှိုင်လှိုင်ငြိမ်း