မအီ မတ် ၁၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့နယ်၊ မအီချောင်းဖျားတွင် မအီချောင်းစက်တော်ရာ ဗုဒ္ဓပါဒပူဇနိယပွဲတော်ကို ယနေ့နံနက်ပိုင်းမှစတင်၍ ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။
ဖော်ပြပါ ဗုဒ္ဓစက်တော်ရာကို မအီချောင်းခြေတော်ရာဟု လူသိများလာသည်နှင့်အညီ နှစ်စဉ် ဘုရားဖူး ဧည့်သည်များမှာလည်း စည်ကားများပြားလာခြင်းနှင့် အဆိုပါ ခြေတော်ရာ စတင်တွေ့ရှိခဲ့ပုံတို့ကို စက်တော်ရာ ဂေါပကဥက္ကဋ္ဌ ဦးဝင်းလွင်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင် " မအီချောင်း စက်တော်ရာကို ၁၉၆၀ ပြည့်နှစ်အလွန် နှစ်များက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ခြေတော်ရာ(၂)ဆူ တည်ရှိကြောင်းကို (၂၃-၃-၁၉၆၈)ရက်နေ့မှာ တရားဝင် အတည်ပြုခဲ့ပါကြောင်း၊ ခြေတော်ရာကို စတင်ရှာဖွေတွေ့ရှိသူက ဦးအရိယဝံသ (မင်္ဂလသုခ ကျောင်းတိုက်၊ ကျောက်မြောင်း၊ ရန်ကုန်။ (မအီချောင်း ခြေတော်ရာကျမ်းပြု ဆရာတော်)နှင့် အပေါင်းပါ ရဟန်းရှင်လူ(၇)ဦးတို့က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်၌ သမိုင်းဝင်ခြေတော်ရာ (၁၂)ဆူရှိသည့် အနက် လက်ယာခြေတော်ရာ(လက်ယာပါဒ)မှာ မအီစက်တော်ရာ၌သာ တစ်ဆူတည်းတည်ရှိနေခြင်းမှာ ထူးဆန်းပါကြောင်း၊ မအီစက်တော်ရာ၏ အတိုင်းအတာမှာ အလျား(၃ပေ ၄ လက်မ) အနံ(၁ ပေ ၄ လက်မ)နှင့် ထု/အမြင့်(၃)လက်မ ဖြစ်ပါကြောင်းတို့ကို ဦးဝင်းလွင်ထံမှသည်။
စက်တော်ရာပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နေ့တွင် ကျင်းပခြင်းဖြစ်ကြောင်း၊ ယခင်က လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဘုရားဖူးလာရောက်သူဦးရေ နည်းပါးခဲ့သော်လည်း အဂ္ဂမဟာကမ္မဌာနစရိယ၊ ဝနဝါသီအရှင်ဝါယာမိန္ဒ(မြောက်ဦးဆရာတော်)ဘုရား၏ ကောင်းမှုတော်ကြောင့် နှစ်စဉ်နိုင်ငံအဝန်းမှ ဘုရားဖူး ဧည့်သည် ဦးရေမှာ သိန်းချီ၍ ရောက်ရှိကြကြောင်း သိရသည်။
မအီမြို့နှင့် ဗုဒ္ဓစက်တော်ရာ(၂)ဆူမှာ(၁၆)မိုင်(၆)ဖာလုံကွာဝေးပြီး မအီမြို့မှ အမ်းမြို့နယ်၊ စနဲကျေးရွာသို့ (၉)မိုင်ခရီးမှာ သွားလာရလွယ်ကူသည့် ကားလမ်းဖြစ်သော်လည်း စနဲကျေးရွာ စက်တော်ရာ တည်ရှိရာသို့ (၇)မိုင်(၆)ဖာလုံမှာ တောင်တက်လမ်းခရီးဖြစ်ကြောင်း၊ အဆိုပါ ကြမ်းတမ်းသည့် လမ်းခရီးကို မြောက်ဦး ဆရာတော်ဘုရား၏ ဦးဆောင် ကြီးမှူးကောင်းမှုတော်နှင့် ခုနစ်ရက်သားသမီးတို့၏ လှူဒါန်းမှုတို့ဖြင့် ၂၀၁၂ ခုနှစ်မှစတင်၍ ဖောက်လုပ်ပြုပြင် မွမ်းမံလာခဲ့ရာ ယခုအခါလွယ်ကူချောမွေ့သော ကွန်ကရစ်လမ်းအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ အခုလိုတွေ့ဆုံချိန်မှာ ဂေါပကဥက္ကဋ္ဌ တစ်ဦးအနေဖြင့် ဖြည့်စွက် ပြောချင်တာကတော့ စက်တော်ရာတည်ရှိရာနေရာမှာ ဆက်သွယ်ရေး ကွန်ယက်မရရှိခြင်းကို ပြောကြား လိုပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် MPT/telenor/Mytel ဆက်သွယ်ရေး တာဝါတစ်ခုခုစိုက်ထူပေးနိုင်ပါက ရောက်ရှိလာကြတဲ့ ဘုရားဖူးဧည့်သည်များအပြင် နီးစပ်ရာလက်ပံကျေးရွာ အုပ်စု၊ ဆံထုံးကျေးရွာအုပ်စုနှင့် အညင်းတောင် ကျေးရွာတို့သည်လည်း ဆက်သွယ်ရေး အဆင်ပြေ သွားကြမည် ဖြစ်ကြောင်း ဦးဝင်လွင်က ပြောကြားခဲ့သည်။
အဆိုပါ မအီချောင်းစက်တော်ရာ ဗုဒ္ဓပါဒပူဇနိယပွဲတော်ကို မအီမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၏ စုပေါင်းအလှူဖြင့် နေ့တရားပွဲ၊ ညတရားပွဲများ၊ ဘုရားဖူးဧည့်သည်များကို ရခိုင်မုန့်တီကျွေးခြင်း၊ နေ့လယ်စာ ညနေစာထမင်းများ စတုဒီသာကျွေးမွေးခြင်းများဖြင့် ယနေ့မှစ၍ မတ်လ(၁၆)ရက်နေ့ (တပေါင်းလပြည့်နေ့) အထိ (၃)ရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)