မိုင်းလုံ မတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကန့်ကန်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်း လုပ်ငန်းကို ယမန်နေ့က မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေး ကြီးကြပ်(၁) ဦးမြစိုးက ဦးဆောင်၍ တာဝန်ရှိသူများမှ ကန့်ကန်ကျေးရွာသို့ သွားရောက်၍ (Sinopharm) အမျိုးအစား ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယခုလို ကျေးရွာအရောက် သွားရောက်ထိုးနှံရခြင်းမှာ ကျေးရွာရှိ အသက်ကြီးသော ပြည်သူများကို ကာကွယ်ဆေးထိုးနှံစေရန်နှင့် ကာကွယ်ဆေးကို မိုင်းလုံမြို့အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများ အားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို ပြီးမြောက်စေရန် ဆောင်ရွက်ရခြင်း၊ ကျန်ရှိသောကျေးရွာများသို့လည်း သွားရောက် ထိုးနှံပေးမည်ဖြစ်ကြောင်းကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ တာ၀န်ရှိသူတစ်ဦးထံက သိရပြီး ကန့်ကန်ကျေးရွာအုပ်စုတွင် ကာကွယ်ဆေး လာရောက် ထိုးနှံသူ (၉၄)ဦးရှိရာ ကျန်ရှိသော ပြည်သူများကိုလည်း မိုင်းလုံမြို့ တိုက်နယ် ကျန်းမာရေးဌာနတွင် လာရောက်ထိုးနှံနိုင်ကြောင်း အသိပေး ပြောကြားခဲ့သည်။
ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း သွေးပေါင်ချိန်ခြင်း စသည့် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းပြီးမှ ကာကွယ်ဆေး ထိုးပေးခြင်း ဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့် ဆောင်ရွက်ပေးပြီး ဆေးထိုးခြင်းလုပ်ငန်းများကိုလည်း ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွန်ချက် နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်