ချမ်းအေးသာစံ မတ် ၁၅
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်စည်ပင် သာယာရေးကော်မတီရုံး မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများမှ ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ကာလ အတွင်းပြီးစီးရေး စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်းစည်း ကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာ ထားကာ တိကျမှန်ကန်မြန်ဆန်မှုရှိအောင် ကြိုးစား ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိဌာန အလိုက်စီမံကိန်းများနှင့် သာမန်အသုံးစရိတ်များ တင်ပြတောင်းခံရာ တွင် ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ တင်ပြကြရန်နှင့် စီမံကိန်းလုပ်ငန်းများအနေဖြင့် တိုင်းဒေသကြီး၏ ဆောင်ရွက်ခွင့်ရှိသော လုပ်ငန်းများဖြစ်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းများအချိန်မီ ဆောင်ရွက် နိုင်ရန်အတွက် တင်ဒါခေါ်ယူမည့် လုပ်ငန်းများ အမြန်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စာရင်းစစ်၏ အကြံပြုချက်များ၊ ဘဏ္ဍာရေး စည်းမျဉ်းစည်း ကမ်းချက်များနှင့် ပတ်သက်၍ အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု အားနည်း ချက်များကြောင့် ဘတ်ဂျက်ငွေများ ပြန်လည်အပ်နှံခြင်းမျိုး မဖြစ်ရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်လူနေမှုဘဝ မြင့်မားလာရေး အတွက် မည်သို့ဆောင်ရွက်ရမည်ကို စေတနာ အရင်းခံပြီး အကြံပြုချက်များ ဆွေးနွေးကာ အကောင်းမွန်ဆုံး စိတ်ဓာတ်ဖြင့် ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးရသုံးမှန်ခြေ ငွေစာရင်းဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးအောင်မြတ် ကျော်က ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ ငွေစာရင်းများ ရေးဆွဲတင်ပြရာတွင် လိုက်နာရမည့် အချက်များကို လည်းကောင်း၊ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှအောင်က တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း များကိုလည်းကောင်း၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းအကောင်အထည် ဖော်ဆောင်ရွက်မှုများအပေါ် စာရင်းစစ်ရုံးများမှ စစ်ဆေးရာ တွင် တွေ့ရှိချက်များနှင့် အကြံပြုချက်များကို လည်းကောင်း၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းစီမံကိန်းများ ပတ်သက်၍လည်းကောင်း အသေးစိတ် ရှင်းလင်းတင်ပြကြပြီးနောက် ဆွေးနွေးတင်ပြ ချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ နှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိပ်ထားနိုင်