ရှမ်းပြည်နယ် MCCT စီမံချက်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးငယ်များအား ငွေကြေးထောက်ပံ့ပေးအပ်

လားရှိုး မတ် ၁၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိနေသော ရှမ်းပြည်နယ် MCCT စီမံချက်ဖြင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးငယ်များအား ထောက်ပံ့ပေးအပ်လျက်ခြင်းကို ယမန်နေ့မွန်းလွဲ (၂)နာရီ အချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ်အထိ (၆)လဘတ်ဂျတ်အတွင်း ပထမ(၃)လပတ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် အကျိုးခံစားခွင့်ရှိပြီးသော ကိုယ်ဝန်ဆောင်မိခင်များ၊ လက်ရှိဘတ်ဂျက်ကာလတွင် ကိုယ်ဝန်ဆောင်ထားရှိသော မိခင်များလည်း ပါဝင်ကာ အကျိုးခံစားခွင့် ရရှိသူ ကိုယ်ဝန်ဆောင်မိခင် (၂၈၁၈)ဦးနှင့် ကလေး (၁၆၅၅)ဦး စုစုပေါင်း (၄၄၇၃)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၁၉၇၃၇၀၀၀၀)ကို လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့် အဖွဲ့ဝင်တို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ငွေကြေးပေးအပ်မည့် နည်းလမ်းများတွင် Cash in Envelope နည်းလမ်းဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေး များမှတဆင့် ငွေသားပေးခြင်းများဖြင့် ဆောင်ရွက်ပေးအပ်သွားမည် ဖြစ်သည်။

ဟန်ဌေး