ကျောက်ဆည် ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဌက္ကတောင်ကျေးရွာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စက်မှုလယ်ယာစနစ်ကျ ဖော်ထုတ်ခဲ့သည့် တောင်သူ(၄၆)ဦး၏ လယ်ဧက(၂၀၀) အသုံးပြုလျှက်ရှိသည့် လယ်ယာကုန်ုထုတ်လမ်းအား မြေနီဂျင်းကျောက်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေး တောင်သူများနှင့်ဆွေးနွေးခြင်းကို ယနေ့နံက်(၉)နာရီက ဌက္ကတောင်ကျေးရွာ ဓမ္မာရုံတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၁) စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းက လမ်းများအဆင့်မြှင့်တင် ဆောင်ရွက်ပေးမှုများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးက အဆင့်မြှင်ကုန်ထုတ်လမ်းနှင့်အညီ ဆောင်ရွက်နိုင်ရန် တောင်သူများသိရှိရမည့် အချက်များ ကိုရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး စက်မှုလယ်ယာမြေယာ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ထားရှိသည့် ကွင်းအမှတ် (၁၃၉/က)ရှိ ဧက(၁၀၀)တွင် ကုန်ထုတ်လမ်းပေါင်း (၆)လမ်း ပါဝင်ပြီး လမ်းအရှည် (၈၄၉၀)ပေရှိပြီး ကွင်းအမှတ် (၁၃၉/ခ)ရှိ ဧက(၁၀၀)တွင် ကုန်ထုတ်လမ်းပေါင်း(၇)လမ်းပါဝင်ပြီး လမ်းအရှည် (၈၅၈၀)ပေ ရှိကြောင်းနှင့် အဆိုပါ ကုန်ထုတ်လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးပါက လယ်ယာထွက်ကုန် ပစ္စည်းများကို အဆင်ပြေ လွယ်ကူစွာ သယ်ယူနိုင်မည်ဖြစ်ကြာင်း အမှတ်(၈၁) စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းက ပြောပြ၍ သိရသည်။
သက်မောင်(ခရိုင်၊ပြန်/ဆက်)