ကျောက်ဖြူ မတ် ၁၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် Mobile အဖွဲ့ဖြင့်ကွင်းဆင်း၍ ကျန်းမာ ရေးဌာနမှဝန်ထမ်းများက သွားရောက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သဲချောင်းအုပ်စု၊ ကာပီချောင်း ကျေးရွာရှိပြည်သူများအား အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင် ပထမအကြိမ်ထိုးနှံပေးလျက်ရှိ သည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျေးရွာအတွင်းမှ စေတနာ့ဝန်ထမ်းများက ဆေးထိုးရန်လာရောက်သူများအား သတ်မှတ်နေရာသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေး ဌာနမှဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပြီး ပုံမှန်အနေအထားရှိသူ များကိုသာ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် သဲချောင်းအုပ်စု၊ ကာပီချောင်းကျေးရွာမှ ပြည်သူ ၃၀၀ ဦးအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ဖြိုးဝေလင်း(ပြန်/ဆက်)