ကွမ်းခြံကုန်းမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် စားသောက်ကုန်များ လှည့်လည်ရောင်းချ

ကွမ်းခြံကုန်း မတ် ၁၅

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်နှင့် အဓိကစားသောက်ကုန်များကို သက်သာသော စျေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဆန်၊ ဆီ၊ ကြက်ဥ၊ အမဲသား၊ ဆိတ်သားတို့ကို ယမန်နေ့နံနက် ၉နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် မြန်မာနိုင်ငံ ဆန်းစပါးအသင်းချုပ်၏ အစီအစဉ်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုတို့ဖြင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။            

အဆိုပါ စျေးရောင်းချရာတွင် ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထဆန်တစ်ပြည်လျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် (၅)ပြည့် တစ်အိတ်လျှင် (၅၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ပေါ်ဆန်မွှေးတစ်ပြည်လျှင် ၁၇၀၀ ကျပ်နှုန်းဖြင့် (၅)ပြည့် တစ်အိတ်လျှင် (၈၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ ဆီတစ်ဗူးလျှင် (၂၈၀၀)ကျပ်နှင့် ကြက်ဥ(၁၁)လုံး တစ်ကဒ်လျှင် (၁၃၀၀)ကျပ်ဖြင့် လည်းကောင်း၊ အမဲသား ၁ပိဿာ (၁၂၀၀၀)ကျပ်နှင့် ဆိတ်သား ၁ပိဿာ (၂၂၀၀၀)စျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဆွေနွယ်