သင်္ဃန်းကျွန်း မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ သောက်သုံးရေ အခက်ခဲရှိသော အိမ်ထောင်စုများထံသို့ ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ရေဘောက်ဆာ ကားများဖြင့် သောက်သုံးရေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်စီစဉ်မှုဖြင့် မြို့နယ်အတွင်း ရေပြတ်လပ်လျက်ရှိသော ရပ်ကွက်များသို့ ရေလှူဒါန်းနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇေဝဏ္ဏလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးသီဟဇော်နှင့် အဖွဲ့ဝင်များ ညှိနှိုင်း၍ ရေလိုအပ်လျက်ရှိသော ပြည်သူများ၏ ရေလိုအပ်ချက်များအား ဌာနအားလုံးမှ ပူးပေါင်း ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ ရေပြတ်လပ်လျက်ရှိသော ငမိုးရိပ်ရပ်ကွက်၊ စံပြရပ်ကွက်နှင့် ကြီးပွားရေး ရပ်ကွက်များသို့ ရေဘောက်ဆာကား (၃)စီးဖြင့် ရေပေးဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒာမိုး