သင်္ဃန်းကျွန်းမြို့နယ်၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် လာရောက် ရောင်းချပေး

သင်္ဃန်းကျွန်း မတ် ၁၅

ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သော အခြေခံစားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယမန်နေ့နံနက် ၈ နာရီအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊  သင်္ဃန်းကျွန်းမြို့နယ်၊ င/ကရပ်ကွက် ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် အမဲသား၊ ဆိတ်သားများ ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေး နေကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေဝဏ္ဏလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်နှင့် ဝန်ထမ်းများ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များက ဈေးဝယ်လာပြည်သူများ စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းချရာတွင် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထတစ်ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ ဖြင့် ဆန်အိတ် (၇၅)အိတ်အားလည်းကောင်း၊ ပေါ်ဆန်းတစ်ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၈၅၀၀ ဖြင့်ဆန်အိတ် (၇၅)အိတ်အား လည်းကောင်း ဆီငါးဆယ်သားတစ်ဘူးကို ငွေကျပ် ၂၈၀၀ ကျပ်နှုန်းဖြင့် ဆီဘူး (၂၀၀) အားလည်းကောင်း၊ အမဲသားတစ်ဆယ်သားကို ငွေကျပ် ၁၂၀၀ နှုန်းဖြင့် (၇)ပိဿာ အားလည်းကောင်း၊ ဆိတ်သားတစ်ဆယ်သားကို ၂၂၀၀ ကျပ်နှုန်းဖြင့် (၁၀)ပိဿာတို့အား လာရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

စန္ဒာမိုး