မုဒုံ သြဂုတ် ၃၀
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ မုဒုံမြို့နယ်အတွင်းရှိ ငါးမွေး တောင်သူများထံသို့ ယနေ့ နံနက် (၉)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ငါးသားပေါက်များထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ငါးသားပေါက်များကို သထုံခရိုင်ငါးမွေးစခန်းမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီစဉ် (CERP)အရ မုဒုံမြို့နယ်ရှိ ငါးမွေးတောင်သူများအား သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး ငါးသားပေါက်လုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းများ ရပ်တန့်ခြင်းမရှိစေရန်၊ ပြည်သူများအား ငါးရိက္ခာဖူလုံစေရေးနှင့် ငါးစားသုံးသူ များပိုမို တိုးပွါးလာစေရန်ရည်ရွယ်၍ မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးစိုးမင်းနှင့်ဝန်ထမ်းများ၊ မော်လမြိုင်ခရိုင် ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က ငါးမွေး တောင်သူများကို ပေးအပ်ခဲ့သည်။
မုဒုံမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူ(၂၀) ဦးတို့ကို ငါးမြစ်ချင်းငါးသား ပေါက်ကောင်ရေ (၉၂၂၅၀)ကောင်ကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများ၏ ကန်တစ်ဧကလျှင် ငါးသားပေါက်ကောင်ရေ (၂၀၀၀)နှုန်း စုစုပေါင်းကန် ဧက(၄၄.၉၉)ဧကရှိ ငါးမွေးကန်များ၌ ငါးသားပေါက်များကို မွေးမြူကြမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(မုဒုံ)