စစ်တွေ မတ် ၁၅
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၁၂)ပါးနှင့် သီလရှင်(၁)ပါးတို့အား ဘွဲ့တံဆိပ် တော်ဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုပူဇော်ပွဲကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီချုပ် ဒေါက်တာ အောင်ကျော်မင်းက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက အမိန့် ကြော်ငြာစာအမှတ်၁/၂၀၂၂ ဖြင့် နိုင်ငံတစ်ဝှမ်းလုံးတွင်ရှိသည့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်ရေး ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ ရခိုင်ပြည်နယ်မှ ဆရာတော်ကြီး ၁၇ ပါး၊ သီလရှင် ၁ ပါးတို့မှာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခံရပါကြောင်း၊ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခံရသည့် ဆရာတော် ကြီးအနက်မှ အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ ဆရာတော်ကြီးတစ်ပါး၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးနှစ်ပါးနှင့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး နှစ်ပါးတို့မှာ နေပြည်တော်တွင် ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရမည်ဖြစ်ပြီး ကျန်ဆရာတော်များကို စစ်တွေမြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဘွဲ့တံဆိပ်တော်ဆက်ကပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် မဟာဘွဲ့တံဆိပ်တော်နှင့် အောက်ဘွဲ့တော်များကို ပြည်နယ်အစိုးရအဖွဲ့က နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီကိုယ်စား ဆက်ကပ်လှူဒါန်းပေးကြရမည် ဖြစ်သည့်အတွက် စည်စည်ကားကား ခမ်းခမ်းနားဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အကြံပြုဆွေးနွေးကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ထားမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေ များအား ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)