ရန်ကုန် မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော အားကစားနည်းများနှင့် ပတ်သက်သော အကြောင်းအရာများ ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြ ကစားခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း တော်ဝင်သဇင်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အားကစားမှူး ဒေါ်သန်းသန်းနွယ်က လူငယ်များ အားကစားကို လေ့လာလိုက်စားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ အားကစား ပြုလုပ်ခြင်းဖြင့် ရရှိသည့် စိတ်ဓာတ်နှင့် ခံယူချက်များ၊ အားကစားအမျိုးအစားများ၊ အားကစား ပြုလုပ်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ ပြောင်းလဲရရှိမည့် အချက်အလက်များအား အသိပညာပေး ပြောကြားခဲ့ပြီး ကိုယ်လက်ကြံခိုင်ရေး အတွဲ(၁) လှုပ်ရှားမှုကို တက်ရောက်လာသူများနှင့်အတူ လက်တွေ့ သရုပ်ပြခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရန်ကုန်တိုင်းဒေသကြီး ခြင်းလုံးလက်ရွေးစင် အားကစားသမား လင်းလင်းနှင့် အဖွဲ့မှ ရိုးရာခြင်းလုံးခတ် တစ်ဦးချင်းနှင့် (ဝိုင်းဖွဲ့) ကစားနည်း၊ ဝူရှူးအားကစားနည်းတို့ကို သရုပ်ပြ ကစားပြခဲ့ပြီး မြို့နယ်အားကစားမှူး ဒေါ်သန်းသန်းနွယ်မှ အားကစားပစ္စည်း(၅)မျိုးအား ကျောင်းအုပ် ဆရာမကြီး ဒေါ်မူမူလှိုင်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ