ဝမ်းတွင်းမြို့နယ်တွင် နေ့စဉ် အိမ်ထောင်စု (၆၁၀၄) ဦးအား သောက်သုံးရေချိုများ ဖြန့်ဖြူး ပေး

ဝမ်းတွင်း မတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မြို့နေပြည်သူများအတွက် သောက်သုံးရေချို များကို နေ့စဉ် အိမ်ထောင်စု (၆၁၀၄) စုအား ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရှိရသည်။

ဝမ်းတွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဝမ်းတွင်းမြို့နယ်တွင် မြို့နေပြည်သူများ အတွက် ရေပေးဝေရေးစနစ်၏ ဦးတည်ချက်များနှင့်အညီ သောက်သုံးရန် သင့်တော်သော ရေများ ပေးဝေနိုင်ရေး၊ လုံလောက်သောရေပမာဏကို ဖြန့်ဝေပေးနိုင်ရေးနှင့် ရေချိုအား သောက်သုံးသူထံသို့ ဖြန့်ဖြူးပေးနိုင်ရေးတို့ကို ရည်ရွယ်၍ ဝမ်းတွင်းမြို့တွင် စက်ရေတွင်း (၄) တွင်း၊ သဲတောတွင် စက်ရေတွင်း (၄) တွင်း တူးဖော်ကာ အိမ်ထောင်စု (၆၁၀၄) စုအား သောက်သုံးရေချိုများ ဖြန့်ဖြူပေးလျက်ရှိကြောင်း အင်ဂျင်နီယာဌာနခွဲ၊ ရေပေးဝေရေး ဌာနစိတ်မှ သိရသည်။

အဆိုပါ မြို့နေပြည်သူများအား သောက်သုံးရေချိုများ ဖြန့်ဖြူပေးလျက်ရှိသော စက်ရေတွင်း များအနေဖြင့် ဝမ်းတွင်းရှိစက်ရေတွင်း (၄) တွင်းမှာ အနက် (၆၀၀) ပေ၊ သဲတောရှိ စက်ရေတွင်း (၄) တွင်းမှာ အနက် (၄၅၀) ပေရှိပြီး တစ်ရက်ထွက်ရှိ သည့် ရေပမာဏ (၄၀၈၀၀၀) ဂါလံဖြစ်ကာ (၆) လက်မပိုက်ဖြင့် ဖြန့်ဖြူလျက်ရှိပြီး သောက်သုံးသူထံသို့ (၁) လက်မခွဲပိုက်များဖြင့် ရေချိုများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။ ရေချိုသုံးစွဲသူ ဒေါ်အေးသိမ့်မှလည်း “ကျမတို့ရပ်ကွက်မှာ ရေချိုရှားပါးတယ်၊ ရေတွင်းတူးလဲ ရေချို လုံးဝမထွက်ဘူး၊ ရေငံသာထွက်လို့ ချိုးရေလောက်သုံးလို့ရပါတယ်၊ အခုမြို့နယ် စည်ပင် သာယာရေးအဖွဲ့က ဖြန့်ဖြူးပေးတာက ရေချိုဆိုတော့ ထမင်းချက်၊ သောက်ရေအကုန်သုံးလို့ ရတော့ ကျမတို့ပြည်သူတွေအတွက် အဆင်ပြေပါတယ်” လို့ ရေချိုသုံးစွဲသူထံမှ သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အင်ဂျင်နီယာဌာနခွဲ၊ ရေပေးဝေရေးဌာနစိတ် အနေဖြင့် မြို့နေပြည်သူများအတွက် သောက်သုံးရေချိုများ လုံလောက်စွာ ရရှိရေး၊ သောက်သုံးသူထံ ရေချိုများ ဖြန့်ဖြူပေးနိုင်ရေးနှင့် ပြည်သူများအတွက် ရေပေးနိုင်ရေးအတွက် ဝမ်းတွင်း မြို့နယ်တွင စက်ရေတွင်းကြီး (၈) တွင်း တူးဖော်ထားရှိကာ ဝမ်းတွင်းမြို့တွင (၃၆၀၀၀၀) ဂါလံ၊ သဲတောတွင် (၃၂၁၀၀၀) ဂါလံ၊ စုစုပေါင်း သောက်သုံးရေချိုဂါလံ (၆၈၁၀၀၀) အား ရေပိုက်အရှည်ပေ (၂၀၀၀၀) သွယ်တန်းပြီး နေ့စဉ်သောက်သုံး ရေချိုများ ဖြန့်ဖြူးပေး လျက်ရှိကြောင်း သိရသည်။

ကိုရဲ(ဝမ်းတွင်း)