တောင်ဥက္ကလာပမြို့နယ်တွင် အသက်၁၈နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

တောင်ဥက္ကလာပ မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (CoviShield) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှစ၍ အမှတ်(၆)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်၉နာရီ မှ ၃ နာရီ အချိန်ထိ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး (CoviShield) ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အဖွဲ့များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန မှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေး အသင်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေ ချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ဆွေနှင်း