ကျောက်တံတားမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက် ရှိသူများအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး mobile ဆေးအဖွဲ့မှ ဆက်လက်ထိုးနှံပေး

ကျောက်တံတား မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက်ရှိ ရပ်ကွက်နေ ပြည်သူများအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် မကျန်ရှိစေရေးအတွက် ရပ်ကွက်အလိုက် ကာကွယ်ဆေးထိုးနှံပေးသည့် Mobile အဖွဲ့သည် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၁ဝး၀၀)နာရီအချိန်၌ ၃၉လမ်းအထက်ဘလောက် အမှတ်(၈)ရပ်ကွက် ဓမ္မာရုံတွင် အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက်ရှိ ပြည်သူများအား ထိုးနှံပေးရာ Covishield First Dose ထိုးနှံသူ (၅၁)ဦး၊ Covishield Booster Dose ထိုးနှံသူ (၇၀)ဦး စုစုပေါင်း (၁၂၁)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးနေမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က အနီးကပ်ကြီးကြပ်ပြီး ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊ မြို့နယ်ကြက်‌‌ခြေနီတပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များမှ ကာကွယ်ဆေး ထိုးနှံရာတွင် မလိုလားအပ်သော ပြဿနာများ မဖြစ်စေရေးအတွက် အပူချိန်တိုင်းပေးခြင်း၊‌ သွေးပေါင်ချိန်‌ပေးခြင်းနှင့် ဆေးထိုးပြီးပါက နာရီဝက်ကြာ ခေတ္တနားစေခြင်းတို့ကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ရွှေဇင်ခိုင်