ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ

ဒဂုံ မတ် ၁၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော်ဝင်း အတွင်းရှိ ရတနာ့ဗိမာန်​တော်တန်ဆောင်းတွင် ယမန်နေ့နံနက် (၁၀:ဝဝ) နာရီမှ (၁၂:၃၅)နာရီထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (COVISHIELD)အား ပထမအကြိမ် ထိုးနှံပေးခြင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆေးထိုးနှံရာတွင် ဒဂုံမြို့နယ် အတွင်းရှိ​ ဦးဝိစာရရပ်ကွက်နှင့် ဘုရားကြီးရပ်ကွက်တို့မှ အသက် (၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူ ကျား (၂၀)ဦး၊မ(၂၄)ဦး လူဦးရေ စုစုပေါင်း (၄၄)ဦး တို့အားထိုးနှံပေးခဲ့ပြီး ကာကွယ်​​ဆေး ၁ လုံးလျှင် ၁၁ ဦးနှုန်းဖြင့်(၄၄) ဦးအတွက် ​ဆေးအလုံး​ရေ (၄ )လုံးအား ထိုးနှံ​ပေးခဲ့သည်။     

ထို့ပြင် COVISHIELD အမျိုးအစား ကိုဗစ်-၁၉ ​ရောဂါ ထပ်​ဆောင်းကာကွယ်​ဆေး (Booster Dose)ထိုးနှံ​ခြင်း လုပ်ငန်းအားလည်း ​ယောမင်းကြီးရပ်ကွက်၊ ဦးဝိစာရရပ်ကွက်၊ပြည်လမ်းအ​ရှေ့ရပ်ကွက်၊ဘုရားကြီးရပ်ကွက်နှင့် ပြည်လမ်း အ​နောက်ရပ်ကွက်တို့မှ အသက်  (၁၈) နှစ်နှင့် အထက်ရှိသူကျား(၇၆)ဦး၊မ (၁၀၀)ဦး  စုစု​ပေါင်း (၁၇၆) ဦးအား ဆက်လက် ထိုးနှံ​ပေးခဲ့ကြရာ ကာကွယ်​​ဆေး တစ်လုံးလျှင် (၁၁)ဦးနှုန်းဖြင့် (၁၇၆) ဦးအတွက် ​​ဆေးအလုံး​ရေ (၁၆)လုံး အား ထိုးနှံပေးခဲ့ရာ ကျား  ( ၉၆) မ (၁၂၄) ​စုစုပေါင်း (၂၂၀)ဦး စသည်တို့လာ​ရောက် ထိုးနှံခဲ့ကြပါသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီး ဌာန၏လမ်းညွှန်ချက်များနှင့် အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက် ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။

ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာမရှိစေရေးအတွက် ဒဂုံမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရွှေပြည်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မေသန္တာ