နောင်တရား မတ် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသအတွင်း ထောပတ် ဥယျာဉ်ခြံတွင် တစ်နှစ်အတွင်း ဝင်ငွေနှစ်မျိုးရရှိနိုင်ရန် ရည်ရွယ်၍ ဝဥကို စမ်းသပ်စိုက်ပျိုးကြကြောင်း ထောပတ်ဥယျာဉ်ခြံ စိုက်ပျိုးသည့်တောင်သူ တစ်ဦးထံမှ သိရသည်။
“ဒီနှစ်ထောပတ်သီး ဈေးသိပ်မကောင်းဘူး ယခုတစ်ပိဿ ကျပ်(၁၆၀၀) ခန့်ဘဲဈေးရနေ တယ် အရင်နှစ်ကဆို ကျပ် (၂၀၀၀)မှ (၃၀၀၀)ကျော်ခန့်ဈေးရပါတယ် ထောပတ်သီးက အပင်ကြီးတော့ အရိပ်ကျလို့ တစ်ခြားအပင်တွေ စိုက်လို့ မရဘူး နှစ်သီးစားဖြစ်အောင် ဝဥကို ကြားညှပ်စိုက်ပျိုးကြည့်တာပါ အောင်မြင်မအောင်မြင်တော့မသိသေးဘူး ဒီနှစ်မှ စပြီး စိုက်ကြည့် တာပါ ဝဥမျိုးက တစ်ပိဿာ ကျပ် (၉၀၀၀)မှ (၁၅၀၀၀)ကျပ်အထိ မျိုးအရွယ်အစားပေါ် မူတည်ပြီး ဈေးအမျိုးမျိုးရှိပါတယ်”ဟု နောင်ပီကျေးရွာအုပ်စု ထီရီးကရင်ရွာမှ ထောပတ် ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည်။
လူဦးရေတိုးပွားလာခြင်းနှင့် စိုက်ပျိုးရေးစရိတ်မြှင့်မားလာခြင်းကြောင့် ဥယျာဉ်ခြံများ တွင် ဝင်ငွေနှစ်မျိုးရရှိရေးအတွက် ကြိုးစားလာကြသည်။ ထောပတ်ဥယျာဉ်ခြံများမှ တစ်နှစ်လျှင် ထောပတ်အသီးပေါ် မူတည်၍ တစ်ဧကလျင် ကျပ်(၁၀) သိန်းမှ ကျပ်(၄၀)သိန်းအထိ ရောင်းချကြပြီး ပြင်တွင်းနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)