ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ငါန်းဇွန် မတ် ၁၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ် ပြည့်ပြီး သူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများ အရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့မဇုံမှ (၉၅) ဦး၊ မြို့သာဇုံမှ (၃၂) ဦး၊ ငါန်းမြာဇုံမှ (၁၇၅) ဦး၊ ခြင်္သေ့လက်ဇုံမှ (၄၀၃) ဦး၊ သားကျင်ဇုံမှ (၈၈) ဦး၊ ဂျိုဇုံမှ (၁၀၂) ဦး၊ သံဘိုဇုံမှ (၉၅) ဦး၊ ရေလည် သောင်ဇုံမှ (၁၇၀) ဦးနှင့် ကုလားရွာဇုံမှ (၁၃၇) ဦး မြို့နယ်အတွင်း ဇုံ (၉) ဇုံမှ အသက် (၁၈) နှစ်နှင့် အထက် ပြည်သူများ စုစုပေါင်း (၁၂၉၇) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မတ် ၄ ရက်နေ့မှ ၁၄ ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ (၉) ဇုံမှ အမ အသုတ် ပထမအကြိမ် (၁၅၆၆၀) ဦး ထိုးနှံပြီးကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)