မချမ်းဘော မတ် ၁၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ တပြိုင်တည်း ကျင်းပ သွားမည်ဖြစ်ရာ မချမ်းဘောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်လည်း စာစစ်ဌာန တစ်ခုအဖြစ် ဖွင့်လှစ်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် စာစစ်ဌာနအတွက် လုံခြုံရေး၊ အဖြေလွှာနှင့် မေးခွန်းလွှာ သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မချမ်းဘော့မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဆွေက ယခုမတ်လ(၃၁)ရက်နေ့မှစ၍ ကျင်းပပြုလုပ်မည့် ၂၀၂၂ခုနှစ်တက္ကသိုလ် ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုံခြုံရေး၊ မေးခွန်းလွှာသယ်ယူရေး၊ မီးရရှိရေး၊ ရေရရှိရေးစသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အတွင်းရေးမှူး မြို့နယ်ပညာရေးကော်မတီ မြို့နယ်ရဲတပ်ဖွဲ့မှူး မြို့နယ်ရဲမှူး မြင့်နိုင်ဦးက မေးခွန်းလုံခြုံရေး၊ အပြင်စည်းလုံခြုံရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် နေ့စဉ် စစ်ဆေးဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ပညာရေး ကော်မတီ မြို့နယ်လျှပ်စစ်မှူး ဦးဝင်းမော်က စာမေးပွဲကာလအတွင်း လျှပ်စစ်မီး အဆင်ပြေစေရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးသည်။
မချမ်းဘော အထက်တန်းကျောင်း စာစစ်ဌာနတွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ အတွင်းဖြေ (၅၃)ဦး၊ ပြင်ပဖြေဆိုသူ (၁၇)ဦး စုစုပေါင်း ဖြေဆိုသူ (၇၀)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ပြီး နမ်ခမ်အထက်တန်းကျောင်းခွဲနှင့် ထရန်ဒမ်း အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ ပါဝင်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိသည်။
မြို့နယ်(ပြန်/ဆက်)