မြစ်ကြီးနား မတ် ၁၅
ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ကြီးမှူးကျင်းပသော စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားများ ပြောကြားသည်။
ရှေးဦးစွာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးလုပ်ငန်းအပြင် စိုက်ပျိုးသီးနှံများကို တိုးတက်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အထူးသဖြင့် ဒေသခံတောင်သူများ စိုက်ပျိုးထုတ်လုပ်လိုက်သည့် သီးနှံများကို အရည်အသွေး ကောင်းမွန်စွာဖြင့် ဈေးကွက်သို့ ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များသာမက သီးနှံစိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများကိုယ်တိုင် ထုတ်လုပ်လာနိုင်ရေး အရင်းအနှီး တတ်နိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ အစိုးရနှင့်ပြည်သူ ပူးပေါင်းပြီး Public Private Partnership လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်သကဲ့သို့ ပြည်နယ်၏ လယ်ယာကဏ္ဍအပေါ် မှီခိုနေသည့် ပြည်သူအများစု၏ လူနေမှုဘဝကို မြှင့်တင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာ သုသေသနလုပ်ငန်းနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် တောင်သူများ ဝင်ငွေတိုးတက် မြင့်မားလာစေရေး ရည်ရွယ်၍ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်ခရိုင်များမှ သင်တန်းသား/ သူ (၃၀)ဦးတို့အား သင်တန်းဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်းကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ စိုက်ပျိုးသီးနှံထုတ်ကုန်များ ကုန်ချောပြုလုပ်၍ ဈေးကွက်တင်ပို့ ရောင်းချပေးလျက်ရှိသော ထုတ်ကုန်ပစ္စည်းများ ပြသထားရှိမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ကြီးမှူးကျင်းပသော ဌာနဆိုင်ရာ အဖွဲ့အစည်းများအား စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများကို ပိုမိုအသက်ဝင်လာစေပြီး အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်သည့် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ၏ အမျိုးသားစာရင်းအင်းစနစ် ခိုင်မာအားကောင်းလာစေရန် လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံအတွက် လိုအပ်သည့်မူဝါဒများနှင့် စီမံကိန်းများရေးဆွဲရာတွင် လည်းကောင်း၊ သယံဇာတများ ခွဲဝေအသုံးပြုရာတွင် လည်းကောင်း၊ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း ထိရောက်စွာ အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ သို့မှသာ နိုင်ငံ၏ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အတွက် ဌာနဆိုင်ရာများအနေဖြင့် ဗဟိုစာရင်းအင်းအဖွဲ့က တောင်းခံလာသည့် စာရင်းအင်းအချက်အလက်များကို ပံ့ပိုးပေးကြရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ကချင်ပြည်နယ် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ကော်မတီကို ဖွဲ့စည်းထားပြီး ဌာနဆိုင်ရာများအနေဖြင့် ပြည်နယ်၏ စာရင်းအင်းအချက်အလက်များ မှန်ကန်စေရေးအတွက် စာရင်းအင်းဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာပြီး စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးလာစေရန် ပူးပေါင်းဆောင်ရွက်ကြရေး ပြောကြားသည်။
ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက စာရင်းအင်းဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သိရှိလိုသည်များနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးမှုအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)