မချမ်းဘောမြို့နယ် ကောင်းမှုလုံအုပ်စု၊ နမ်ဘူယန်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းဆောင် ရာနှူန်းပြည့် ပြီးစီး၍ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မချမ်းဘော မတ် ၁၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် ကောင်းမှုလုံအုပ်စု၊ နမ်ဘူယန်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၁နာရီ အချိန်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မချမ်းဘောမြို့နယ် စီမံအုပ်ရေး‌အဖွဲ့ဝင် ဗိုလ်မှူးဉာဏ်လင်းထွန်း၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဝင်းကိုကျော်တို့က ကျောင်းဆောင်သစ်အားဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး အလက နမ်ဘူယန် ကျောင်းတာ၀န်ခံ ဆရာမကြီး ဒေါ်ခေါန်ဆိုင်းက ကျောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များကို ရှင်းလင်းပြောကြားကာ ဒုတိယ မြို့နယ်ပညာရေးမှူး ဦး၀င်းကိုကျော်က အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နမ်ဘူဧဒင်မူကြိုမှ ရင်သွေးငယ်ကလေးများမှ တေးသရုပ်ဖော်အကဖြင့် ကပြတင်ဆက်ပြီး‌ ကျေးရွာအုပ်ချုပ်ရေးမှူးတာ၀န်ခံ ဦးကျောက်လဆိုင်းမှ ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ ကျောင်း‌ဆောင်သစ်အား  ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာ‌ရေးနှစ် ပြည်ထောင်စုရန်ပုံငွေမှ ခွင့်ပြုရန်ပုံငွေ (၆၇.၀၄)ကျပ်သန်းဖြင့် ခွင့်ပြုထားခြင်းဖြစ်ပြီး ၇၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးခဲ့ကာ ယခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာ‌ရေးနှစ်တွင် ရာနှူန်းပြည့် ပြီးစီးခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဆောက်အဦသည်  အလျား၉၀‌ ပေ× အနံ၃၀ ပေတစ်ထပ်တိုက် အမျိုးအစားဖြစ်ပြီး  ပါဝါရှိုင်း ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မချမ်းဘော (ပြန်/ဆက်)