တောင်ကြီး မတ် ၁၄
ရှမ်းပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီးစီးမှုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (မှတ်ပုံတင်) စစ်ဆေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ၂၀၂၂ ခုနှစ် ဧပြီလ(၁)ရက်မှစ၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား မပြနိုင်ပါက ခရီးသွားလာခွင့် မရရှိနိုင်ပါကြောင်း၊ ၂၀၂၂ခုနှစ် ဧပြီ(၁) ရက်မှစ၍ ခရီးသွားလာ ပြည်သူများ ထောက်ခံစာများဖြင့် သွားလာလို့ မရရှိနိုင်ကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြသနိုင်မှသာ ခရီးသွားလာခွင့်ရရှိမည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ပန်းခင်းစီမံချက်များကို ၂၀၂၁ ခုနှစ် မေလ(၃)ရက်မှ စတင်၍ ဆောင်ရွက်လာခဲ့သည့်မှာ ယခု၂၀၂၂ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့တွင် (၁၈)လပြည့်မည် ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း (၁၉) မြို့နယ်ဆောင်ရွက်ပြီးစီးခဲ့ရာ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် (၆)မြို့နယ်၊ မြောက်ပိုင်းတွင်(၇)မြို့နယ်၊ အရှေ့ပိုင်းတွင် (၆)မြို့နယ် အားလုံး (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် ပြည်နယ်၊ခရိုင်၊မြို့နယ်များမှ အခက်အခဲများရှိပါက တင်ပြရန်နှင့် မိမိတို့အစိုးရအဖွဲ့မှ မည်ကဲ့သို့ ဆောင်ရွက်ပေးရမည်ကို အားလုံးက ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်မှ ရှမ်းပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးပြီးစီးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းနှင့် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း) ရှိ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့များမှ ဆွေးနွေးတင်ပြကာ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက လိုအပ်သည့်များ ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း