နောင်တရားမြို့၌ လိုင်းဝန်ထမ်း လျှပ်စစ်ကျွမ်းကျင်မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်လှစ်

နောင်တရား မတ် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ပင်လောင်းမြို့နယ်အတွင်း လိုင်းဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်အတွက်  လိုင်းဝန်ထမ်း လျှပ်စစ်ကျွမ်းကျင်မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် နောင်တရားမြို့  မြို့နယ် လျှပ်စစ်အင်းဂျင်နီယာရုံးမှ လက်ထောက်အင်ဂျင်နီယာ ဦးခွန်အောင်ကြီးက လျှပ်စစ်ဓါတ်အားဖြန့်ဖြူရေးလုပ်ငန်းသည် ပြည်သူကိုဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းဖြစ်ပြီး ပြည်သူများ လျှပ်စစ်ဓါတ်အားအပြည့်အဝ သုံးစွဲနိုင်ရေးနှင့် မိမိတို့ဝန်ထမ်းများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ယခုသင်တန်းမှ စာတွေ့လက်တွေ့ဖြင့် မွမ်းမံသင်ကြားပေးမည်ဖြစ်ပြီး ကြိုးစာသင်ယူလေ့လာကြရန် ပြောကြား သည်။ အဆိုပါ မွမ်းမံသင်တန်းမှ လုပ်သားနှင့် အများပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ၃၃/၁၁ကေဗွီဓါတ်အားလိုင်း တည်ဆောက်ခြင်း၊ ၆၆ကေဗွီဓါတ်အားခွဲရုံနှင့် ၃၃ကေဗွီဓါတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်း၊ ဆားဗစ်ဝါယာနှင့် မီတာတပ်ဆင်ခြင်း၊ ၄၀၀ ဗို့လိုင်းတည်ဆောက်ခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်း၊ မြေဓါတ်ချစနစ်၊ ဘဏ္ဍာရေးဘာသာရပ်နှင့် စီမံဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်သည်။

လိုင်းဝန်ထမ်း လျှပ်စစ်ကျွမ်းကျင်မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ကို သင်တန်းမှူးအဖြစ် လက်ထောက်အင်ဂျင်နီယာ ဦးခွန်အောင်ကြီးက ဦးဆောင်၍ သင်တန်းနည်းပြ ငါးဦးဖြင့် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှ ငါးရက်ကြာမြှင့်မည်ဖြစ်သည်။ ပင်လောင်းမြို့နယ်အတွင်းရှိ ပင်လောင်းမြို့၊ ပေါင်းလောင်းမြို့၊ နောင်တရားမြို့နှင့် တီကျစ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လိုင်းဝန်ထမ်းစုစုပေါင်း (၁၉)ဦးတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)