ရေး မတ် ၁၄
၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေး လုပ်ငန်းကို မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ယနေ့နံနက် ၉ နာရီက စတင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲနီထွန်းနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်ရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးအောင်ကိုလတ်မှ အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်လင်းလင်းကြွယ်မှ လူဦးရေစာရင်း ရေးသွင်းပုံနည်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း နည်းလမ်းများကို Power Point ဖြင့် စနစ်တကျ ရှင်းလင်း တင်ပြသည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်ခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စုမှ စာရေးများ၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်းကာ အဖွဲ့(၁၃)ဖွဲ့ဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စု (၄၉)အုပ်စုရှိ လူဦးရေ (၃၂၂၈၈၅)ဦး၏ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို ကွန်ပျူတာ နည်းပညာ အသုံးပြု၍ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး စာရင်းပြုစု ခြင်းလုပ်ငန်းကို (၂)ပတ်ကြာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ခင်သိမ့်သိမ့်ရည်(ပြန်/ဆက်)