မိုင်းဖြတ်၌ ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ နွေရာသီရက်တိုသင်တန်း ဖွင့်လှစ်နိုင်ရေးအကြို ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

မိုင်းဖြတ် မတ် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းတိုင်ရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) တို့ ပူးပေါင်း၍  ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ နွေရာသီရက်တိုသင်တန်း ဖွင့်လှစ်နိုင် ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က  နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူ၊ လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ မိမိတို့၏ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကို မြတ်နိုးထားတတ်စေရေး၊ ယဉ်ကျေးလိမ္မာ၍ ဘဝအကျိုးပြု လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်တတ်စေရေး၊ ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ နွေရာသီရက်တို သင်တန်းကို ပူးပေါင်းဖွင့်လှစ်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ရှမ်းတိုင်ရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ အဖွဲ့ဝင် ဦးစိုင်းဟောင်က သင်တန်းနည်းပြဆရာနှင့် သင်တန်းသားရရှိနိုင် ရေး၊ သင်တန်းကာလနှင့် သင်တန်းချိန်များကို ကြိုတင်ရွေးချယ် သတ်မှတ်ဆောင်ရွက်နိုင်ရေးကို ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ အတွင်းရေးမှူး ဦးနန်အောင်က သင်တန်းကို ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ သင်တန်းအတွက် သင်ထောက်ကူ ပစ္စည်းလိုအပ်ချက်ဆိုင်ရာများနှင့် အဖွဲ့ဝင် ဦးနန်လုံးခမ်း က သင်တန်းတွင် လူမျိုးမခွဲခြားဘဲ တက်ရောက်လိုသည့် လူငယ်မောင်မယ်များကို တက်ရောက်ခွင့်ရှိ ကြောင်းနှင့် သင်တန်းသားကို လူဦးရေကန့်သတ် ဖွင့်လှစ်ပေးသင့်ကြောင်းကို လည်းကောင်း၊ စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အတွင်းရေးမှူး ဦးအောင်မြတ်မိုးက သင်တန်းစည်းကမ်းချက်ကို ထုတ်ပြန်ထားရှိနိုင်ရေးနှင့် သင်တန်းတက်ရောက်မည့် သင်တန်းသားများကို အကျိုးရှိရှိ ထိရောက်စွာ သင်ကြား/သင်ယူနိုင်ရေးအတွက် စီမံဆောင်ရွက်ရေး နည်းလမ်းများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ရှမ်းစာပေသင်ကြားခြင်းကို နွေရာသီကျောင်းပိတ်ရက်များတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့် အညီ လူဦးရေ ကန့်သက်ချက်ဖြင့် (အခမဲ့)သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး