ရေး မတ် ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် သတင်းမှား/မှန်ခွဲခြား သုံးသပ်နိုင်ရေးနှင့် ဥပဒေရေးရာ၊ မူးယစ် ဆေးဝါးဆိုင်ရာ၊ Social Mediaအသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်ကျောင်း၌ ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ဥပဒေအရာရှိ ဦးစမျိုးဇော်လတ်မှ social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မအရ အရေးယူနိုင်သည့် ပုဒ်မများကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲမိပါက အရေးယူ အပြစ်ပေးနိုင်သည့် ဥပဒေပုဒ်မအကြောင်းကို ဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သိမ့်သိမ့်ရည်က ယနေ့ မျက်မှောက်ခေတ်တွင် မီဒီယာ နည်းလမ်းပေါင်းစုံဖြင့် သတင်းမှား၊ သတင်းအတုအယောင်များ၊ ကောလဟလများ သတင်းများကို မယုံမိကြစေရန် အကြောင်း၊ လူမှုမီဒီယာသည် အကောင်းဆုံးသော သတင်းအရင်းအမြစ်များ မဟုတ်သည်ကို သိရှိထားရန်အကြောင်း၊ ယနေ့ခေတ်တွင် အရေးပါလာသော သတင်းအချက် အလက်များအကြောင်း၊ သတင်း အချက်အလက်ဆိုင်ရာ သိနားလည်သူတစ်ဦးတွင် ရှိသည့်အရည်အချင်းများအကြောင်း၊ သတင်းအမှား/အမှန် မည်သို့ခွဲခြားရမည်တိုကို ဟောပြောခဲ့ပြီး ဆက်လက်၍ အမှတ်(၃၉) မူးယစ်တပ်ဖွဲ့စု ရဲမှူးဝင်းဇော်က မူးယစ်ဆေးဝါး တိုက်ဖျက်ရသည့် ရည်ရွယ် ချက်၊ နည်းဗျူဟာများ၊ မူးယစ်ဆေးဝါး အမျိုးအစားများအကြောင်း၊ သုံးစွဲသူများ၏ နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူ၊ ရောင်းချသူများ၊ ရောင်းချသူများကို ကူညီပေးသူများအား ဥပဒေအရ အရေးယူအပြစ်ပေးနိုင်သည့် ပုဒ်မများကို Powerpoint ဖြင့် ရှင်းလင်း ဟောပြောခဲ့သည်။
ဟောပြောပွဲသို့ သင်တန်းသူ ၃၀ဦးနှင့် ဆရာ၊ ဆရာမ ၅ ဦး စုစုပေါင်း ၃၅ ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်