ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ကူးစက်မြန် မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဆီဆိုင် မတ် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်မှုလျော့နည်းစေရေးအတွက် နှာခေါင်းစည်း(Mask) တပ်ဆင်ထားခြင်းနှင့် ကာကွယ်ဆေးထိုးနှံထားခြင်းရှိ/မရှိစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆီဆိုင် မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဆီဆိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မိုးခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမားရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က လူအဝင်အထွက်များသော ဆီဆိုင်မြို့အဝင်/အထွက် ဂိတ်တွင် ဝင်/ထွက်သွားလာသော မိဘပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်ထားခြင်းရှိ/ မရှိနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရခြင်းမရှိသေးသူများအား စစ်ဆေးရေးဂိတ်များအလိုက် Mobile System ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပထမအကြိမ်ဆေးထိုးနှံပြီးစီးကြောင်း မှတ်တမ်းထုတ်ပေးခြင်း၊ နှာခေါင်းစည်း(Mask)တပ်ဆင်ထားမှုမရှိသူများအား အသိပညာပေး၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် မိဘပြည်သူများအား ခရီးသွားပါက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်ကိုင်ဆောင်သွားလာကြရန်နှင့် အပြင်ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးသွားလာကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိတိကျကျလိုက်နာကြစေရေးအတွက် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)