မုဒုံ မတ် ၁၄
မွန်ပြည်နယ် မုဒုံမြို့နယ် ညောင်ကုန်းတိုက်နယ် ဝက်တဲကျေးရွာတွင် ယနေ့နံနက်ပိုင်းက မွန်အမျိုးသားစာသင်ကျောင်း (မူလတန်း) အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆရာတော်ကြီးများထံမှ သီလခံယူဆောက်တည်ကာ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသည့် ပရိတ်တရားတော် များနာယူသည်။ ထို့နောက် ဆရာတော်ကြီးများက သြဝါဒကထာမြွက်ကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ကျောင်းဆောင် တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မင်္ဂလာအချိန်တွင် ဆရာတော်ကြီးများ တာဝန်ရှိသူများနှင့် အလှူရှင်များက ရတနာအုတ်များကို သတ်မှတ်နေရာ အသီးသီးတွင် အုတ်မြစ်တော်စီကြပြီး အဆိုပါ မွန်အမျိုးသား စာသင်ကျောင်းဆောင်မှာ အလျား ပေ ၁၀၀ ၊ အနံ ၃၀ ပေ RC (၂)ထပ် အဆောက်အအုံဖြစ်ပြီး၊ စာသင်ခန်း (၈)ခန်း ပါဝင်မည်ဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ လှူဒါန်းငွေများဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်းနှင့် ခန့်မှန်း ကုန်ကျစရိတ်မှာ ကျပ်သိန်း (၂၀၀၀)ခန့် ရှိကြောင်း၊ စာသင်ကျောင်းအတွက် အလျား (၁၂၀)ပေ၊ အနံ ပေ (၁၀၀)ရှိမြေနေရာကို နိုင်ကြည်၊ နိုင်ဝင်းဌေးတို့က လှူဒါန်းထားပြီး မွန်အမျိုးသား စာသင်ကျောင်း တည်ဆောက်ပြီးစီးပါက ညောင်ကုန်းတိုက်နယ်ရှိ ဒေသခံပြည်သူများ၏ ပညာရေးကဏ္ဍအတွက် အထောက်အကူပြုမည်ဖြစ်ပါ ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)