သင်္ဃန်းကျွန်း မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ် ခြင်းမှ ကင်းဝေးစေရေးအတွက် ယမန်နေ့ ညပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ် အတွင်းရှိ ရပ်ကွက်များ၌ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ စက်ရုံ/ အလုပ်ရုံ/ လုပ်ငန်းများ/ စျေးဆိုင်များနှင့် နေအိမ်များတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများနှင့် မီးခလုတ် များကို နေ့စဉ်စစ်ဆေး ဆောင်ရွက်ရန်၊ လျှပ်စစ်မီးဖို၊ မီးပူများကို သုံးစွဲပြီးလျှင်(သို့မဟုတ်) လျှပ်စစ်မီးပြတ်တောက်ချိန်တွင် မီးခလုတ်ကိုပိတ်၍ ပလပ်ခေါင်းအား ဖြုတ်ထားရန်၊ ဟောင်းနွမ်းဆွေးမြေ့သော လျှပ်စစ်ဝါယာကြိုးများအား စနစ်တကျ စစ်ဆေးလဲလှယ်ထားရှိရန်၊ လျှပ်စစ်ဒဏ်ခံကြိုး၊ Fuse များကို ခံနိုင်သည်ထက် ပို၍ မထည့်ပါနှင့်၊ လျှပ်စစ်ဝါယာကြိုးများကို ခံနိုင်ဝန်အားထက် ပို၍မသုံးပါနှင့်၊ လျှပ်စစ်ဝါယာရှော့ဖြစ်လျှင် ပင်မခလုတ်ကို ပိတ်၍ ခြောက်သွေ့သော အဝတ်၊ ပိတ်စ စသည်တို့ဖြင့် ရိုက်ပုတ်၍ ဖုံးအုပ်ငြှိမ်းသတ်ပါ၊ ဂတ်(စ်)အိုးများ အသုံးပြုသည့်အခါ ယိုစိမ့်မှုမရှိအောင် ဂတ်(စ်)ပိုက်လိုင်းနှင့် ပိုက်ဆက်ပါ အဖွင့်/ အပိတ် ခေါင်းများအား သေချာစွာ စစ်ဆေးပါ၊ မီးလောင်မှုဖြစ်ပွားပါက အရေးပေါ် တယ်လီဖုန်းနံပါတ် (၁၉၁)၊ သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်း တယ်လီဖုန်းနံပါတ် ၀၁-၃၅၆၂၆၇၇ သို့ ချက်ချင်း ဆက်သွယ်သတင်းပို့ကြရန် စသည်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့်ရည်မှန်းချက် တာဝန်များကို နိုင်ငံတော်နှင့် ပြည်သူများအတွက် အားကြိုးမာန်တက် စဉ်ဆက်မပြတ် အရှိန် အဟုန်မြှင့် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မီးလောင်မှု/ မီးလန့်မှုများ မကြာခဏ ဆိုသလို ဖြစ်ပွားလျက်ရှိခြင်းကြောင့် မြို့နယ်အတွင်းရှိ စက်ရုံ/ အလုပ်ရုံ/ လုပ်ငန်းများ/ စျေးဆိုင်များနှင့် နေအိမ်များတွင် မီးလောင်ကျွမ်းခြင်းများ ကင်းဝေးစေရေးအတွက် ယခုလို မြို့နယ်အတွင်းရှိ လမ်းများအလိုက် မော်တော်ယာဉ်ဖြင့် အသိပေးနှိုးဆော်ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
စန္ဒာမိုး