မရမ်းကုန်း မတ် ၁၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ “ရွှေရောင်သမိုင်း" အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း(ERSSDO)မှ ဥက္ကဌဦးဇွဲရန်နိုင်နှင့် အသင်းသားများသည် ရေလိုအပ်မှုဖြစ်ပေါ်နေသောနေရာများသို့ အသင်းပိုင်ရေသယ်ယာဉ်ဖြင့် ယမန်နေ့နံနက်၉း၀၀နာရီအချိန်ကစတင်ကာ ဆက်လက်သွားရောက် ကူညီ လှူဒါန်းပေးခဲ့သည်။
အဆိုပါ ရေလိုအပ်ချက်များဖြစ်ပေါ်နေကြောင်း “ရွှေရောင်သမိုင်း”အသင်းရုံးသို့ ဆက်သွယ်အကူအညီ တောင်းခံသည့်နေရာများမှာ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ စီမံကိန်း (၂)ရှိ လူနေအိမ်များ၊ တာမွေမြို့နယ်၊ ကန်ပတ်လမ်းရှိ လူနေတိုက်ခန်းများ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မဟာမြိုင်အိမ်ရာရှိ လူနေတိုက်ခန်းများအတွက် စုဆောင်းရေကန်နှင့် ရွှေပြည်သာမြို့နယ်၊ ပုလဲလမ်းမကြီးဘေးရှိ အထည်ချုပ်စက်ရုံအစရှိသည့် နေရာများဖြစ်ပြီး ရေသယ်ယာဉ်နှင့်အရေးပေါ် လူနာတင်ယာဉ်လိုအပ်လျှင်လည်း ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းနှင့် အခမဲ့ကူညီပေးလျက်ရှိကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)