မင်းပြား မတ် ၁၄
ယခုအချိန်သည် ပူပြင်းခြောက်သွေသည့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မင်းပြားမြို့နယ် ဌာနဆိုင်ရာရုံးများ၌ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ယနေ့ နံနက်(၉) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလူမော်နှင့်တပ်ဖွဲ့ဝင်များက မီးဘေးကင်းဝေးစေရန်အတွက် မင်းပြားမြို့နယ်ဌာနဆိုင်ရာ အဆောက်အဦးများဖြစ်သည့် ဆက်သွယ်ရေး (မြန်မာ့စာတိုက်)၊ (တယ်လီဖုန်း) ရုံးများအားလျှပ်စစ်မီးကြိုးများ၊ မီးခလုတ်များအား စစ်ဆေးခြင်း၊ ရုံးမီးစက် အသုံးပြုမှုကို စနစ်တကျရှိစေရန်နှင့် လျှပ်စစ်မီးကို စနစ်တကျအသုံးပြုတတ်စေရန်၊ ဟောင်းနွမ်းနေသော ဝါယာကြိုးများ၊မီးခလတ်များအား၊ အသစ်လဲလှယ်အသုံးပြုရန်၊ လောင်စာဆီ သိုလှောင်မှုများအား စစ်ဆေးခြင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်စေရန်၊ လျှပ်စစ်မီး၊ ဖယောင်းတိုင်မီးကို စနစ်တကျ ကိုင်တွယ်အသုံးပြုရန်၊ မီးသတ်ဆေးဗူးများနှင့် ကြိုတင်ကာကွယ်ထား ရှိခြင်း၊ မီးသတိပေးဆိုင်းဘုတ်များအားချိတ်ဆွဲခြင်း၊ မီးသတ်လှေကား၊ မီးသတ်ချိတ်များ၊ ရေအိတ်၊ သဲအိတ်များထားရှိခြင်းစသည့် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး အတွက် အသိပညာပေးခြင်းများ ကိုအကြံပြု မှာကြားခဲ့ကြောင်းသိရသည်။
သိန်းနုအောင်