ပေါင်းလောင်းချောင်း သဘာဝ‌ရေပြင်တွင် ရေပေါ်ငါးမွေးမြူရေးကန်ဖြင့် ငါးမွေးမြူရေး စမ်းသပ်မွေးမြူ

ဟိုပုံး မတ် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်‌၊ ပေါင်းလောင်းမြို့ရှိ ပေါင်းလောင်း ချောင်းသဘာဝ‌ရေပြင်တွင် ရေပေါ်ငါးမွေးမြူရေးကန်ဖြင့် ငါးမွေးမြူ‌ခြင်းကို နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနမှ စမ်းသပ်မွေးမြူလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ စာဝတ်နေရေးအဆင်ပြေစေရန်နှင့် တစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်းကို လုပ်ကိုင်နိုင်စေရေန်၊ မိသားစုဝင်ငွေတိုးပွားလာစေရေးအတွက် ငါးမွေးမြူရေးကန်များ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။ ပေါင်းလောင်းချောင်းသဘာဝရေပြင်တွင် ရေပေါ်ငါးမွေးမြူ‌ရေးလှောင်ကန်များကို  သစ်သား၊ သံ၊ ဝါး တို့ဖြင့် ပြုလုပ်ထားသည့် မွေးမြူရေးကန် (၁၂) ကန်ရှိပြီး တစ်ကန်လျှင် ငါးကောင်ရေ (၆၅၀)ကောင် မွေးမြူထားကြောင်း၊ မွေးမြူထားသည့် ငါးမျိုးများမှာ ဇလားဗီယားငါး၊ ထိုင်းငါးခုံးမ၊ ငွေရောင် ငါးကြင်းနှင့် ငါးကြင်းရွှေဝါတို့ဖြစ်ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့တွင် စတင်မွေးမြူထားခြင်းဖြစ်ကြောင်း သိရသည်။

ယခုမွေးမြူထားသည့် ငါးလှောင်ကန် (၁၂)ကန်အတွက် အသင့်စား ငါးစာများကို တစ်နေ့လျှင် (၃၆ ကီလိုဂရမ်) ကျွေးရပြီး မွေးမြူထားသည့်အချိန်မှ သက်တမ်း(၆)လတွင် ဈေးကွက်အတွင်း ရောင်း ချရမည်ဖြစ်ပြီး ယခုနှစ်ဇွန်လတွင် ပေါင်းလောင်းမြို့ဒေသခံပြည်သူ(၁၆)ဦးမှ အစုအဖွဲ့ပိုင် တစ်ပိုင်တစ်နိုင် ရေပေါ်ငါးမွေးမြူခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ‌ရေပေါ်ငါးမွေးမြူခြင်းကို လာရောက်လေ့လာသည့် ပေါင်းလောင်းမြို့နေ ဦးစိုးလှိုင်ထံမှ သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)