တကောင်း မတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ ဦးဘုန်း(ဓာတု)ရေးသားသည့် နီးနီးဝေးဝေး အတွေးလက်ဆောင်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မတ်လ (၁၃)ရက်နေ့ မွန်းလွဲ (၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်သီရိအောင်နှင့် ဦးတင်ဝင်း(စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း)တို့မှ ကျောင်းသား လူငယ်များအနေဖြင့် စာဖတ်အားကောင်းမွန်ပြီး အသိပညာဗဟုသုတများရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတများ မျှဝေတက်စေရန်နှင့် စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒေါ်မိုးသက်ခင်ခင်(စာအုပ်၊ စာစောင် ချစ်မြတ်နိုး သူများ အသင်း) အဖွဲ့ဝင်မှ နီးနီးဝေးဝေး အတွေးလက်ဆောင်စာအုပ်တွင်ပါရှိသည့် အဖေ့ချွေးဖိုး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်အိအိမွန်(စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း) အဖွဲ့ဝင်မှ ဖန်ခွက်နှင့် ရေသန့် ခေါင်းစဉ်ဖြင့်လည်ကောင်း တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဦးကျော်ကျော် (စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း)အဖွဲ့ဝင်မှ ဆွေးနွေးမှုများအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သီရိအောင်(တကောင်း)