တွံတေး သြဂုတ် ၃၀
မိုးတွင်းကာလများတွင် ဖြစ်ပွားတက်သော ရာသီတုတ်ကွေးနှင့် ခြင်မှတစ်ဆင့် ဖြစ်ပွားတက်သော သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီက တွံတေးမြို့နယ် အိုးဘိုအရှေ့ ရပ်ကွက်ရှိ သာယာကုန်းလမ်းမကြီး၊ ရေလယ် ၁၊ ၂ ၊၃ လမ်းနှင့် ဗိုလ်ချုပ်လမ်းမကြီးတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တွံတေးမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်/ရပ်ကွက်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ရပ်ကွက်အတွင်း အဖွဲ့များအလိုက် ကျောက်စည်း၊ အုတ်ရေကန်၊ နေအိမ်၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ စာသင်ကျောင်းများတို့တွင် ဖုံး၊ သွန်၊ ခပ်၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်ကျန်းမာရေးအဆင့်(၁) ဦးလှစိုးက "ပြည်သူများ မိုးရာသီတွင်း သွေးလွန်တုပ်ကွေးရောဂါ နှစ်စဉ်ဖြစ်ပွားနေပြီး မိမိတို့၏ရင်သွေးငယ်များ သွေးလွန် တုပ်ကွေး မဖြစ်ပွားစေရန် ကာကွယ်နိုင်ရန် မိမိတို့ကိုယ်တိုင်ပါဝင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေး ဗိုင်းရပ်(စ်) ရောဂါပိုးကြောင့်ဖြစ်ပြီး ခြင်ပုန်း(ခေါ်)ခြင်ကျားမှ တစ်ဆင့် လူတစ်ဦးမှတစ်ဦးကို ကူးစက်ဖြစ်ပွားစေခြင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကျားပေါက်ပွားမှုများလေ ပိုဖြစ်လေဖြစ်ကြောင်း၊ ခြင်ပေါက်ပွားမှု လျှော့နည်းအောင် ဖုံးသွန်လဲစစ်လုပ်ငန်းကို ဆောင်ရွက်ရခြင်းဖြစ်ပြီး ခြင်ပုန်း(ခေါ်)ခြင်ကျားသည် ရေစီးဆင်းမှုမရှိသော ရေကြည်ရေသန့်မှာသာ ပေါက်ပွားကာ မိမိတို့၏ နေအိမ်များရှိ ဘုရားပန်းအိုး၊ သောက်ရေအိုး၊ သုံးရေအိုး၊ ရေလှောင်ကန်၊ စည်ပိုင်း၊ ကျောက်စည်၊ ရေအိုး၊ အိမ်၏စွန့်ပစ်ပစ္စည်းများဖြစ်သော ကားတာယာအဟောင်း၊ နို့ဆီဘူးခွံ၊ ပုလင်ခွံ တို့တွင် အများဆုံး ပေါက်ပွားကြောင်း၊ ခြင်၏ သက်တမ်းမှာ တစ်လမှ နှစ်လဖြစ်ပြီး ခြင်တစ်ကောင်က တစ်ကြိမ်ဥလျှင် (၁၀၀)မှ (၃၀၀)အတွင်း ဥတတ်ကာ သက်တမ်းတစ်လျှောက်(၇)ကြိမ်ခန့် ပေါက်ပွားနိုင်ပြီး တစ်ကြိမ်ကိုက်လျှင် လူ(၂၀)မှ(၃၀)ခန့်ကိုက်နိုင်ကြောင်း၊ တွံတေးတွင် မနှစ်က သွေးလွန် တုပ်ကွေး ရောဂါဖြစ်သူ ကလေး(၃၇)ဦးရှိသည့်အတွက် ဒီနှစ်တွင် မဖြစ်ပွားစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေး၊ ဖုံးသွန်လဲစစ်နှင့် အသိပညာပေး လုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်တယ်"ဟု ပြောကြားခဲ့သည်။
ယခင်နှစ်တုန်းက တွံတေးတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့သဖြင့် သွေးလွန်တုပ်ကွေး ဖြစ်စေသည့် ခြင်များ ရှိသည့်အတွက် အဘိတ်ဆေးကို မိုးမကျခင် စောစီးစွာ ခတ်ရခြင်း ဖြစ်ကြောင်းနှင့် အပတ်စဉ်ရပ်ကွက်ကျေးရွာအလိုက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)