ဂွ မတ် ၁၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်၊ ဂွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ကျန်းမာရေးဦးစီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သံတွဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ရခိုင်ပြည်နယ် တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဆောင်ရွက်သည့် ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ လူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင် အန္တရာယ် ကင်းရှင်းရေး၊ စားသုံးသူ အကာအကွယ်ပေးရေးနှင့် ပိုးသတ်ဆေးများကို အန္တရာယ်ကင်းစွာ စနစ်တကျ ကိုင်တွယ်သုံးစွဲရေးများနှင့် ပတ်သက်သော တောင်သူပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် သံတွဲခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးကျော်ထွန်းလင်းက ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုဆွေးနွေးခဲ့ပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မိခင်ကလေး/ကျောင်းကျန်းမာရေး/အာဟာရ) ဒေါ်နီလာအေးက မိတ်ဆက်စကား ပြောကြား ခြင်း၊ သံတွဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဌေးနိုင်က မိတ်ဆက်စကားပြောကြားခြင်း၊ ခရိုင် စိုက်ပျိုးရေးဦးစီး ဌာနမှဦးစီးအရာရှိ ဒေါ်ဝါဝါထွန်းက ပိုးသတ်ဆေးများကို အန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ရန်အချက်များ၊ ပိုးသတ်ဆေးများကို စနစ်တကျ အန္တရာယ်ကင်းစွာ ကိုင်တွယ်သိုလှောင်နည်းများ၊ ပိုးသတ်ဆေးဘူးခွံများနှင့် သက်တမ်းလွန် ပိုးသတ်ဆေးတို့အား စနစ်တကျ စွန့်ပစ်ဖယ်ရှားနည်းများ၊ အရေးကြီးသည့် ရှေးဦးသူနာပြုစုနည်းများ၊ တောင်သူများအနေဖြင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးများ ဝယ်ယူသုံးစွဲပါက သတိပြုစစ်ဆေးရမည့် အချက်များကို ဆွေးနွေးခဲ့ကြောင်းသိ ရသည်။
ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်