ခရမ်းမြို့နယ်၌ ကိုဗစ်-၁၉ကုစားမှုအစီအစဉ်ဖြင့် ငါးမွေးတောင်သူများအား ငါးသားပေါက်များအခမဲ့ ထောက်ပံ့

ခရမ်း     ဩဂုတ်  ၃၀

Covid-19 Economic  Relief  Plan မှာ ပါဝင်သည့် Action Planအရ ငါးမွေးမြူရေးနှင့်ရေလုပ်ငန်းများ ပြန်လည် ဉီးမော့လာစေရေးအတွက် နိုင်ငံတော်အစိုးရကိုယ်စား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ ငါးသားပေါက်များ အခမဲ့ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကိုယမန်နေ့ နံနက်(၉) နာရီအချိန်က ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် ခရမ်းမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှတိုးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်မိုးက ငါးမွေးတောင်သူများအားပေးအပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပြီး၊ ခရမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်းနှင့် ငါးမွေးတောင်သူတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကားပြန်လည်ပြောကြားခဲ့သည်။

ထိုနောက်ငါးမျိုးပေးအပ်ပွဲကိုရုံးခန်းမရှေတွင်ကျင်းပခဲ့ရာ ခရမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှတိုး၊ ဦးသိန်းဇော်လတ်၊ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်ယဉ်မိုး တောင်ပိုင်းခရိုင် ငါးလုပ်ငန်းဦးစီးမှူးဦးအေးနိုင်နှင့်ခရမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်းနှင့် မြိုနယ်ငါးလုပ်ငန်း ဦးစီးမှူးဦးမျိုးတင့်တို့က မြိုနယ်အတွင်းမှ ငါးမွေးတောင်သူ ( ၁၆၃ )ဦး တို့အားတစ်ဧက ငါးသားပေါက်( ၂၀၀၀ )နှုန်းဖြင့် ဧကစုစုပေါင်း ၂၀၈•၀၈ဧကအတွက် ငါးမြစ်ချင်း  ငါးသားပေါက်ကောင်ရေ          (၄၁၆၁၆၀) အားထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ငါးသားပေါက်များ အခမဲ့ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ခရမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြိုနယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ မြိုနယ်ငါးလုပ်ငန်းရှင်များ၊ ငါးမွေးတောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကိုမင်း ( ခရမ်း )