ချောင်းဆုံမြို့နယ်၌ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ချောင်းဆုံ မတ် ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် အခြေခံမဲဆန္ဒ ရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉) နာရီက ချောင်းဆုံမြို့နယ် ကျွန်းသာယာခန်းမတွင် စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ခြင်းကို မြို့နယ်လဝကရုံးမှဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုမှ စာရေး နှင့် ရာအိမ်စုအဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း ကာအဖွဲ့(၁၈)ဖွဲ့ပြီး လူဦးရေစာရင်းရေးသွင်း ပုံနည်းလမ်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အရာရှိဒေါ်မေသဇင်ဦးက Power Pointဖြင့် စနစ်တကျရှင်းလင်းတင်ပြသည်။

ချောင်းဆုံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၄၇)အုပ်စုရှိ လူဦးရေ(၁၇၅၆၉၂)ဦးခန့်၏ အခြေခံ မဲဆန္ဒရှင်စာရင်းများမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို ကွန်ပျူတာ နည်းပညာဖြင့်အသုံးပြု၍ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး စာရင်းပြုစုခြင်းလုပ်ငန်းကို (၁၄)ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)