တောင်ကြီး မတ် ၁၄
ကိုဗစ်-၁၉မျိုးဗီဇပြောင်း အိုမီခရွန်အပါအဝင် ရောဂါများ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထုများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ဝေသော ကိုဗစ်-၁၉မျိုးဗီဇပြောင်း အိုမီခရွန် အပါအဝင် ရောဂါများ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေသည်။
ထိုသို့ ဖြန့်ဝေရာတွင် တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း လမ်းသွားလမ်းလာ ပြည်သူများ၊ မြို့မဈေး၊ အမှတ်(၅)ဈေး၊ စဝ်စံထွန်းဈေးနှင့် ၂၁၂ ရဲဘော်ဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ စစ်ဘေးရှောင်စခန်းရှိ ပြည်သူများ လက်ဝယ်အရောက် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ အိုမီခရွန်ရောဂါ လက္ခဏာများ၊ ရောဂါ အတည်ပြုလူနာများ တိကျစွာလိုက်နာရမည့် အချက်များ၊ တောင်ကြီးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဆက်သွယ် မေးမြန်းနိုင်သော Call Centre နှင့် ဖုန်းနံပါတ်များ ပါဝင်ကြောင်း သိရသည်။
ဇော်နိုင်လင်း