မိုးမောက် မတ် ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မိုးမောက်မြို့မစျေးတွင်းနှင့် စျေးရှေ့လူစည်ကားရာ နေရာများတွင် ကိုဗစ်−၁၉ ရောဂါကူးစက်မှု ကွင်းဆက်ပြတ်တောက်ရေး အသိပညာပေးခြင်းနှင့် Mask (ပါးစပ်နှင့်နှာခေါင်းစည်း)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များအခမဲ့ဖြန့်ဝေရာတွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ Ever Green လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ Mask အခုရေ (၅၀၀)နှင့် တစ်ခါသုံးလက်အိတ် အစုံ (၃၀)တို့ကို Mask တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်−၁၉ မျိုးရိုးဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြရန်၊ အပြင်ထွက်ပါက Mask (ပါးစပ်နှင့်နှာခေါင်းစည်း)ကို စနစ်တကျတပ်ဆင်ရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ အိမ်ပြန်ရောက်ပါကဆပ်ပြာဖြင့်လက်ကို မကြာခဏ ဆေးကြောရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့တွင် မိုးမောက်မြို့နယ် ပြည်သူ့ဆေးရုံ၊ နောင်ပေါင်းကျေးရွာနှင့် မံပုံကျေးရွာ စသည်ဖြင့် စုရပ် (၃)နေရာခွဲ၍ ဆက်လက်ထိုးနှံ ပေးမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
လွန်းနန်းထွေး