ကျိုင်းတုံ မတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး ကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာဖတ်ရှိန် မြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တွဲဖက် ပြည်နယ်ဦးစီးမှူး ဦးအေးမောင်က သတင်းအမှား၊ သတင်းအမှန် ဝေဖန်ပိုင်းခြားနည်းဆိုင်ရာ အကြောင်းအရာများဟောပြောပြီး ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေး က မျိုးဆက်သစ်များတိုးတက်ဖို့ စာပေလေ့လာဖတ်ရှုစို့ ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေ လေ့လာဖတ်ရှုစေရေး အသိပညာပေး ဟောပြောသည်။
ထို့နောက် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား သုတ/ရသ စာအုပ်၊ စာစောင်များ ငှားရမ်းပေးပြီး စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုး ကျေးဇူးများဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးရာ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် အလားတူ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာဖတ်ရှိန် မြှင့်တင်ရေး ဟောပြောပွဲကို လွိုင်မွေကျေးရွာ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးကျောင်းတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)