မိုင်းဖြတ် မတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဟာကြားဟုန် ကျေးရွာရှိ ခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ကျန်းမာရေးဝန်ကြီး၏ လမ်းညွှန်ချက်၊ စည်းကမ်းချက်းများနှင့်အညီ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာပေအသိပညာ၏ အကျိုးကျေးဇူးများနှင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron)ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ရှင်းလင်း ဟောပြောသည်။ ယင်းနောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာထွန်းဇော်ဝင်းက တိရိစ္ဆာန်များ ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းဟောပြောပြီး ကျွဲ၊နွားများ၌ ဖြစ်တတ်သော ခွာနာ၊ လျှာနာ ကာကွယ် ဆေးများကို ကျေးရွာမှ တာဝန်ရှိသူထံ အခမဲ့လှူပေးခဲ့၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရာဇာဝင်းထွန်းက သဘာဝဘေးအန္တရာယ် အမျိုးအမည်များနှင့် ကြိုတင်ကာကွယ်ဆောင်ရွက် ရမည့် နည်းလမ်းများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော ပြည်သူများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ပေါင်းစပ် ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)