ကော့မှူး၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေး

ကော့မှူး မတ် ၁၄

ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်‌ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သော အခြေခံစားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၏ စီစဉ်မှုဖြင့် ယနေ့နံနက် ၉နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် အမဲသား၊ ဆိတ်သားများအား ဈေးနှုန်းသက်သာစွာဖြင့် လာ‌ရောက်ရောင်းချပေးနေကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဈေးဝယ်လာပြည်သူများ ကိုဗစ်-၁၉ရောဂါ ဗီဇ‌ပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဈေးဝယ်‌ယူနိုင်ရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ‌ ဈေးရောင်းချရာတွင် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထ တစ်ပြည် လျှင် ငွေကျပ် ၁၀၀၀နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ဖြင့် ဆန်အိတ်(၇၅)အိတ် အားလည်းကောင်း၊ ပေါ်ဆန်းတစ်ပြည်လျှင်ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၈၅၀၀ဖြင့် ဆန်အိတ်(၇၅) အိတ်အားလည်းကောင်း ဆီငါးဆယ်သားတစ်ဘူးကို ငွေကျပ် ၂၈၀၀ ကျပ်နှုန်းဖြင့် ဆီ(၂၀၀)ဘူးအားလည်း‌ကောင်း၊ အမဲသားတစ်ဆယ်သားကို‌ ငွေကျပ်(၁၂၀၀)နှုန်းဖြင့် (၇)ပိသာအား လည်းကောင်း၊ ဆိတ်သားတစ်ဆယ်သားကို (၂၂၀၀)ကျပ်နှုန်းဖြင့် (၁၀)ပိသာတို့အား လာရောက်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

ကျော်သူရ