သင်္ဃန်းကျွန်း မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ သောက်သုံးရေ အခက်ခဲရှိသော အိမ်ထောင်စုများထံသို့ ယမန်နေ့နံနက် (၉:၃၀) အချိန်မှ စတင်၍ ရေဘောက်ဆာကားများဖြင့် သောက်သုံးရေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင် တို့သည် သင်္ဃန်းကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးသို့ ရောက်ရှိလာပြီး မြို့နယ်အတွင်း ရေပြတ် လပ်လျက်ရှိသော ရပ်ကွက်များအခြေအနေနှင့် ၎င်းရပ်ကွက်များသို့ ရေလှူဒါန်းနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇေဝဏ္ဏလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ် မန်နေဂျာနှင့် အင်ဂျင်နီယာတို့နှင့် ဆွေးနွေးညှိနှိုင်း၍ ရေလိုအပ်လျက်ရှိသော ပြည်သူများနှင့် တွေ့ဆုံကာ မြေပြင်အခက်အခဲများအား ရင်းနှီးစွာ မေးမြန်းစုံစမ်းပြီး လိုအပ်ချက်များအား ဌာနအားလုံးမှ ပူးပေါင်း ဖြေရှင်း ဆောင်ရွက်ပေးကြရန်နှင့် နောက်နောင် ရေပြတ်လတ်မှု မဖြစ်ပေါ်စေရေး ဆောင်ရွက်နိုင်မည့် နည်းလမ်းများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ရေဘောက်ဆာကား (၃)စီးဖြင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ (ငမိုးရိပ်/စံပြ/ ကြီးပွားရေး) ရပ်ကွက်များ၌ နေထိုင်ကြသော ပြည်သူများအား မြေပြင်ကွင်းဆင်းကာ ရေပေးဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒာမိုး