ပင်လောင်း မတ် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် သောက်သုံးရေ ရှားပါး လျက်ရှိသော လုံးပြင်ကျေးရွာအုပ်စု လိင်းဗွာလဘုန်းကြီးကျောင်းသို့ မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့နံနက် ပိုင်းတွင် သောက်သုံးရေများ သွားရောက် လှူဒါန်းခဲ့သည်။
နွေရာသီကျရောက်လာသဖြင့် ပင်လောင်းမြို့နယ်အတွင်း ကျေးရွာများတွင် သောက်သုံးရေများ အခက်အခဲ ကြုံတွေ့နေရခြင်းဖြစ်ပြီး လိင်းဗွာလ ဘုန်းကြီးကျောင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့မှ နေရပ်စွန့်ခွာ သံဃာတော်အပါး(၁၀ဝ)ခန့် ခေတ္တလာရောက်ခိုလှုံလျက်ရှိသော ကြောင့် သောက်သုံးရေများ လိုအပ်လျက်ရှိရာ မီးသတ်ဦးစီးဌာနနှင့် စေတနာရှင် ပြည်သူများ စုပေါင်း၍ သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် ရုံးဝင်းရပ်ကွက်အတွင်းရှိ ရွှေတောင်တောရဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်သာသနာပြု ကျောင်းများသို့လည်း သွားရောက် လှူဒါန်းပေးခဲ့ပြီး ဖြစ်သည်။
ပင်လောင်းမြို့နယ်အတွင်း ဘုန်းကြီးကျောင်းများ၊ ရပ်ကွက်နှင့်ကျေးရွာများမှ သောက်သုံး ရေများအခက်အခဲ ဖြစ်ပါက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့သို့ ဆက်သွယ်အကြောင်းကြား အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
ခွန်ရဲ(ပင်လောင်း)