ဟိုပန် မတ်လ ၁၄
ပန်လုံနယ်၊ လားဟူနှစ်ခြင်း ခရစ်ယာန်အသင်းတော်များအဖွဲ့၏ (၅၂)ကြိမ်မြောက် နှစ်ပတ်လည် ဓမ္မသဘင်နှင့် (၄)ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ မော်ဟွေ့ကျေးရွာအုပ်စု၊ဟွေပုံကျေးရွာတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ပထမဦးစွာ သိက္ခာတော်ရဆရာတော်ဦးကျကောက နုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က အမှာစကားပြောကြားရာတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၌ “ဝ”၊ ရှမ်း၊ ကိုးကန့်၊ လားဟူ၊ မြောင်ဇီးအစရှိသည့် တိုင်းရင်းသား (၁၀)မျိုးခန့် နေထိုင်လျက်ရှိကြကြောင်း၊ လူမျိုး/ကိုးကွယ်ရာဘာသာတရားအလိုက် ဆုတောင်းခြင်း၊ မေတ္တာပို့သခြင်းများကို ဆောင်ရွက်လျက်ရှိကြသည့်အတွက် နယ်မြေဒေသ အေးချမ်းသာယာလျက်ရှိကြောင်း၊ ထိုအစဉ်အလာကို ထိန်းသိမ်းကြရန် လိုအပ်ကြောင်း၊ ယခုအခါ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းမရှိသူများကို ခရီးသွားလာခွင့်အား ဧပြီလတွင် စတင်ကန့်သတ်မည်ဖြစ်၍ ဒေသခံတိုင်းရင်းသားများမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အချိန်မီပြုလုပ်ထားရန် လိုအပ်ပါကြောင်း၊ ဘာသာရေးဆရာများကလည်း ကျေးရွာများသို့ သွားရောက်သည့်အခါ ဒေသခံပြည်သူများအား အသိပေးပြောကြားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သိက္ခာတော်ရဆရာတော် ဦးဌေးအောင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် ဆုတောင်းခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် ဥက္ကဋ္ဌ ဦးညီနပ်က အမှတ်တရလက်ဆောင်နှင့် ဂုဏ်ပြုငွေ ပေးအပ်ချီးမြှင့် ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဟိုပန်/ပန်လုံဒေသမှ လားဟူတိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။
ယင်းနောက် ဥက္ကဋ္ဌနှင့် အဖွဲ့သည် ကျေးရွာယဉ်ကျေးမှုကွင်း ပြုလုပ်မည့်နေရာအား မြေပြုပြင်ဆောင်ရွက် ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်