ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရပ်ကွက်များအရောက် mobile လှည့်လည်ထိုးနှံပေး

ရန်ကုန် မတ် ၁၄

ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မရှိစေရန်နှင့် ရောဂါဖြစ်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယနေ့နံနက် (၉)နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်စုရပ်များအရောက် mobile လှည့်လည်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်နေရာအဖြစ် (၃၂)ရပ်ကွက်ဓမ္မာရုံနှင့် သဲအင်ဂူကျောက်တိုက်တို့တွင် ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူအမျိုးသား (၁၃၇) ဦး အမျိုးသမီး (၁၅၂) ဦး စုစုပေါင်း(၂၈၉)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပြီး ကာကွယ်ဆေး ထိုးနှံပေးရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများက ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ